Ƹ̵̡Ӝ̵̨̄Ʒ❤ OSC@R ❤Ƹ̵̡Ӝ̵̨̄Ʒ ရဲ့ Blogspot လေးကို လမ်းကြုံလို့ပဲဖြစ်ဖြစ် တကူးတက လာရောက်လည်ပတ်ပေးတာပဲဖြစ်ဖြစ် သူငယ်ချင်းများနဲ့မိတ်ဆွေများအားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်ရှင်.... နောက်များလဲ အချိန်ရရင်ရသလိုလာရောက်လည်ပတ်နိုင်ပါတယ်..း) ကျန်းမာပျော်ရွှင်သောနေ့ရက်လေးတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်...
Wednesday, 28 March 2012
ဗိုလ်ချုပ် နားလည်ပေးပါ
Anonymous | 05:22 | Best Blogger Tips
ဖေဖော်ဝါရီ လ ရောက်ခဲ့ ပြန်ပါပြီ ဗိုလ်ချုပ်--
နှစ်စဉ်နှစ်တိုင်း လိုပဲ ကျမ မျက်ရည်လဲ ၀ဲ ရပြန်ပါပြီ။
ခုချိန်ထိ မြန်မာကိုကမ္ဘာက အထင်မသေးရဲအောင် ၊ သမိုင်းမှာ မှတ်တမ်းတင်လောက်အောင် ချီးကျူးလေးစားထိုက်တဲ့ 
ရဲရဲတောက် သတ္တိခဲ  မျိုးချစ်တဲ့ ဗိုလ်အောင်ဆန်းဆိုတဲ့  လူတယောက်မွေးဖွားခဲ့တဲ့  နေ့ပါလား၇ယ် လို့ ပြန်ပြောင်း
အောက်မေ့ သတိရ မျက်ရည်ဝဲမိပါတယ်-
ဒါဟာနှစ်စဉ် နှစ်တိုင်း ကျမရဲ့ ဖေဖော်ဝါ၇ီခံစားချက်ပါ -
ခုလဲ ဖေဖော်ဝါရီ ၁၃ ရောက်ဖို့ နီးလာပါပြီ--
ဗိုလ်ချုပ် ၀မ်းသာအောင်ပြောပြပါရစေ-- တခုထူးတာက ဒီနှစ်ဟာခါတိုင်းနှစ်တွေလိုလဲ မဟုတ်ပါဘူး-
၂၀၁၂ မှာ မြန်မာပြည်ကြီးဟာ ကောင်းတဲ့အပြောင်းအလဲ များစွာနဲ့ေ၇ှ့ကို ဆက်လက်ချီတက်နေပါပြီ-
အရင်လို ဗိုလ်ချုပ်အကြောင်း ဗိုလ်ချုပ်နာမည်ကို သူများကြားအောင်မပြောရဲ၊ ဗိုလ်ချုပ်ဓါတ်ပုံကို တိတ်တိတ်လေး
ခိုးချိတ်ရတဲ့ ခေတ်ကိုလဲ ကျော်ခဲ့ပါပြီ။
ခုဆို  ဗိုလ်ချုပ်ဓါတ်ပုံကိုလဲအိမ်ဦးခန်းမှာ ပေါ်ပေါ်ထင်ထင် ချိတ်လို့ရပြီ။
ဗိုလ်ချုပ်အကြောင်းကိုလဲ လွတ်လွတ်လပ်လပ် ပြောလို့ရပြီ။ ဗိုလ်ချုပ်သမိုင်းကိုလဲ ပွင့်ပွင့်လင်းလင်းရေးလို့ရပါပြီ။
ဒီလိုဆိုတော့ ဝမ်းသာကြည်နူးခြင်းများစွာနဲ့ အတူ ၂၀၁၂ ဖေဖော်ဝါ၇ီ ဟာ တခြားနှစ်တွေနဲ့ မတူစွာ ဗိုလ်ချုပ်ရဲ့ မွေးနေ့ 
ကိုအားလုံး ဂုဏ်ပြုကြမှာပဲဆိုတဲ့ စိတ်နဲ့  ရင်ခုန်လှုပ်ရှားခဲ့မိပါတယ်--
ခုခေတ်က ဗိုလိချုပ်တို့ခေတ်လို အစိုးရ ထုတ် တဲ့  သတင်းစာလေး လောက်မှာပဲ ရေးလို့ရတဲ့ ခေတ်မဟုတ်တော့ပါဘူး။ 
တိုးတက်နေတဲ့ မီဒီယာခေတ်ကြီးပါ ဗိုလ်ချုပ်၊
နောက်ပြီးတော့   ဗိုလိချုပ်ဝမ်းသာမယ့်သတင်း တခု ထပ်ပြောပါရစေ-
မြန်မာပြည်ကလူငယ်တွေက ကမ္ဘာ နဲ့ ယှဉ်ဘောင်တန်းပြီး အင်တာနက်သုံးတတ်နေပါပြီ။
ခုဆို ကိုယ်ပိုင်ဆိုဒ်တွေလဲ အများကြီးနဲ့ အွန်လိုင်းမှာလူငယ်တွေဟာ သတငိးတွေဖတ်ကြ ၊ စာတွေရေးကြ၊ အမြင်တွေ
ဖလှယ်ကြနဲ့ မျက်မှောက်ခေတ် ရဲ့  အဖြစိအပျက်တွေ ကိုအချိန် နဲ့ တပြေးညီသိနေရတဲ့ ခေတ်ကြီးပါ။
ဒီလို ရေးသားနိုင်တဲ့ခေတ်နဲ့  ပြောင်းလဲလွတ်လပ်လာတဲ့ စနစ် နဲ့  ၂၀၁၂ ဖေဖော်ဝါ၇ီ ရဲ့  အွန်လိုင်းစာမျက်နှာပေါ် မှာ
လူငယ်တွေ ဘာများရေးကြမလဲဆိုပြီး ကျမရင်ခုန်မျှော်လင့်နေမိပါရဲ့ --
ဒါပေမယ့်  ၀မ်းနည်းစရာကောင်းတာက ခု ဖေဖော်ဝါရီ ၆ ရောက်လာတဲ့အထိ  လူငယ်တွေအများဆုံး သုံးနေတဲ့ 
အွန်လိုင်း ဆိုဒ်တွေမှာ  ဖေါ်ပြနေတဲ့  ပို့စ်တွေက   သူတို့ဘာသာချစ်သူများနေ့လို့  သတ်မှတ်ထားတဲ့  ဖေဖော်ဝါရီ ၁၄
အထိမ်းအမှတ် ရေးသားကြတာတွေ နဲ့ ပဲ ပလူပျံနေပါတယ်-
အော် --ချစ်သူများ နေ့တဲ့လား--
လောကသဘာဝသဘောအရ ဖိုနဲ့ မ ၊တမိသားနဲ့ တမိသား ချစ်ကြတဲ့  ချစ်သူများနေ့ ကို
အလေးထားတင်စားနေလိုက်ကြတာ--
ဒီနေ့  ကို ဒီလို မကျင်းပရင်ရော မချစ်ကြတော့ဘူးလား -- ဒီနေ့ တနေ့ ပဲ ချစ်ကြရတာလား-
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားဟာ နေ့ ရက်ကန့်သတ်ချက် မရှိပါဘူး။
ဒါဟာ ဖြစ်ရိုးဖြစ်စဉ် လူတိုင်း လုပ်နေကြတာကြီးကို အခမ်းအနားနေ့ ရက်သတ်မှတ်ကျင်းပနေလိုက်ကြတာ-
သူတို့ ကြီးကျယ်ခမ်းနားတယ်လို့  ထင်နေတဲ့  ဖေဖော်ဝါ၇ီ ၁၄ မရောက်ခင်နေ့  ဖေဖော်ဝါ၇ီ ၁၃ ဆိုတာ ဟာ ဘယ်သူ
နဲ့မှမတူအောင်  မြန်မာပြည်ကြီးကို အသက်စွန့်ချစ်ခင်သွားတဲ့ ကြီးမြတ်တဲ့  နှလုံးသားပိုင်ရှင် ၊အနှိုင်းမဲ့တဲ့ မြန်မာပြည်
ချစ်သူကြီး မွေးဖွားလာတဲ့ နေ့ ဆိုတာ သူတို့ အမှု မှတ်မဲ့ ဖြစ်နေကြပါသေးတယ်-
ဖေဖော်ဝါ၇ီ ၁၄ ဟာ ချစ်သူများနေ့လို့  တရေးနိုး ထမေးရင်တောင် သိကြတဲ့  လူငယ်လေးတွေဟာ ဖေဖော်ဝါရီ ၁၃
ကေ၇ာလို့ မေးလိုက်ရင် ဗိုလ်ချုပ်မွေးနေ့ လို့  ချက်ချင်းဖြေနိုင်တဲ့ သူက တ၀က်လောက်ပဲရှိနေပါသေးတယ်။
ဒီလို ဖြစ်နေလို့  ဒီလူငယ်တွေကို အပြစ်မတင်ရက်ပါဘူး ဗိုလ်ချုပ် - အပြစ်လဲမတင်သင့်ပါဘူး-
ဘာဖြစ်လို့လဲ ဆိုတော့  သူတို့ မွေးဖွားကြီးပြင်းခဲ့ရတဲ့  ကာလတွေက ဗိုလိချုပ်အောင်ဆန်း ဆိုတာကို အမှောင်ချထား
တဲ့  စနစ်ဆိုးကာလကြီး ဖြစ်နေလို့ပါပဲ -
မွေးဖွားလာကတည်းက ပညာသင်ကြားကာစကတည်းက သူတို့ ရဲ့ မျက်စိတွေ နားတွေ အပိတ်ခံထားရတာပါ။
ခုတော့  သူတို့ မသိခဲ့တာကို သိအောင် လုပ်ပေးနိုင်မယ့်  အခွင့်အလမ်းရှိတဲ့ခေတ် ဖြစ်နေပါပြီ။
ဒါပေမယ့်  ခုထိ ဘယ်သူမှ ဘယ်အဖွဲ့ စည်းမှ ဗိုလိချုပ်မွေးနေ့ ပွဲ ကို လူငယ်တွေသိအောင် ကြီးကျယ်ခမ်းနားစွာ
အမှတ်တရ ကျင်းပပေးမယ် ဟဲ့လို့ ကြော်ငြာတာမတွေ့ရသေးပါလား -
ခေတ်အဆက်ဆက် ပြည်သူတွေ အထူးသဖြင့် လူငယ်တွေကို လွှမ်းမိုးနိုင်တာ အနုပညာရှင်တွေပါ။
ဗိုလ်ချုပ်တောင်မှမြန်မာတွေမှာ ရှေးရိုးစွဲ တွယ်ငြိနေတဲ့  အကျင့်ဆိုးတွေကိုပြင်စေချင်လို့  လူထုတခုလုံးဆီ
အလွယ်ဆုံးပေါက်ရောက်နိုင်ဖို့  “အကျင့်ဆိုး  ”ဆိုတဲ့ သီချင်းကို ရေးခိုင်းခဲ့ရသေးတာပဲ မှတ်လား-
ဒီနေ့  ခေတ်မှာလဲ  လူငယ်တွေကို ဗိုလ်ချုပ်ရဲ့ သမိုင်း ကို သိအောင်လုပ်ပေးဖို့  မီဒီယာလောကကြီးနဲ့  အနုပညာရှင်
တွေ ၊နောက်ပြီးလူငယ်တွေ အသုံးပြုနေတဲ့ အွန်လိုင်း ဆိုဒ်တွေမှာတာဝန်ရှိတယ်လို့ထင်ပါတယ်-
တာဝန်သိပြီးလုပ်နေတဲ့ ဆိုဒ်တွေလဲရှိပါတယ် - ဒီဆိုဒ်တွေကိုလဲ လေးစားချီးကျူးပါတယ်။
ဒါပေမယ့် အများစုကတော့ ဖေဖေိာဝါရီ ၁၄ ရဲ့ လွှမ်းမိုးမှုကိုပဲ ခံနေကြရဆဲပါ- ဒီကြားထဲ မသမာ တဲ့ ဝိသမလောဘ
သားတွေက လူငယ်တွေရဲ့ ဖြူစင်တဲ့စိတ်တွေကို အရောင်စွန်းထင်း ညစ်နွမ်းအောင်လုပ်နေပါတယ် ဗိုလ်ချုပ်-
သူတို့ လုပ်တဲ့ ရှိုးပွဲလက်မှတ်တွေ ရောင်းကောင်းအောင် ချစ်သူများနေ့ မှာ ချစ်သူစုံတွဲတွေအတွက် အခန်းတောင်
စီစဉ်ပေးမတဲ့ - မြန်မာ့၇ိုးရာ စဉ်လာမှာ လက်မထပ်ရသေးတဲ့  ချစ်သူတွေဆိုတာ တဦးကိုတဦးတန်ဖိုးထားပြီး ကြည်နူး
ချစ် လေးနဲ့  နေရင်းနှစ်ကိုယ်တူနီးမယ့်  လက်ထပ်ပြီးတဲ့  မင်္ဂလာဦးညကို စောင့်မျှော်ရင်ခုန်ကြရတာပါ။
လက်မထပ်ရသေးတဲ့ ချစ်သူဘ၀မှာကတည်းက ညစ်ညမ်းတဲ့ ဆက်ဆံရေးတွေ ရှိနေရင် ချစ်သူတွေနဲ့ မတူဘဲ ကြေးစား
တွေနဲ့  တူသွားမှာပါပဲ-
ခု လူငယ်တွေရဲ့  အချစ်တွေကို သူတို့က ညစ်ညမ်းအောင်လုပ်နေကြပါတယ်--
ဒါကို  တာဝန်သိတဲ့ သူတွေက  လူငယ်တွေ လမ်းမှားမရောက်အောင် ၊ချောက်ထဲမကျအောင် တတ်နိုင်သလောက်
ဝိုင်းဝန်း တားမြစ်နေကြပါတယ် ဗိုလိချုပ်၊
ဒီလို အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြရင်တော့  ခု ကစလို့ စဉ်းစားဆင်ခြင်တတ်တဲ့ အသိဥာဏ်တရား ရှိတဲ့ လူငယ်တွေ
ပိုများလာမယ်လို့ ထင်ပါတယ်-
ဒါကြောင့် နောက်နှစ်တွေမှာ တော့  လဲ ချစ်သူများနေ့ ထက် ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်ကို အောက်မေ့ သတိရပြီး
ဗိုလ်ချုပ်အကြောင်းကို ပြောဆို ဆွေးနွှေးကြမယ့် လူငယ်တွေ ပိုများလာမယ်လို့  မျှော်လင့် ရပါသောကြောင့် 
ခုနေချိန်ခါတော့  အားလုံးကိုနားလည်ခွင့်လွှတ်ပေးပါလို့  တောင်းပန်ပါရစေ ဗိုလိချုပ်--
( မြန်မာ့လွတ်လပ်ရေး ဖခင်ကြီှးဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ အား သည်ဆောင်းပါးဖြင့်  ဂုဏ်ပြုအပ်ပါသည်။)
သန္တာအောင်
                                      မြန်မာချစ်သူများဆိုဒ်မှ ပြန်လည်မျှဝေလိုက်ရပါသည်
                                           အမိနိုင်ငံကို ဗိုလ်ချုပ်ကဲ့သို့ ချစ်နိုင်ကြပါစေ
                                                                မျိုးတင့်လှိုင်
No comments:
Post a Comment